Events

အက်ခ်မက်အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကျင်းပ

Updated At: 2026-02-26 15:07:32

IMG_20260225_140219

အက်ခ်မက်အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့၊ ၁၄:၀၀ နာရီအချိန်တွင် Video Conferencing စနစ်ဖြင့် မြန်မာနိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးဌာနကဦးဆောင်၍ ကျင်းပခဲ့ရာ အက်ခ်မက်အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့်အတူ အက်ခ်မက်မဏ္ဍိုင်-၂ ထပ်တူကျသော အက်ခ်မက်စီးပွားရေး၏ မြန်မာနိုင်ငံဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေးအဖွဲ့၊ ဒုတိယဥက္ကဋ္ဌဖြစ်သည့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံမှ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက် နေစဉ်အတွင်း အက်ခ်မက်အဖွဲ့ဝင်နိုင်ငံများအကြား အက်ခ်မက်ပူးပေါင်းဆောင်ရွက်မှု၏ ဖြစ်ပေါ် တိုးတက်မှုများကို ပြန်လည်သုံးသပ်ဆွေးနွေးခြင်း၊ အက်ခ်မက်ပင်မစီမံချက် (၂၀၁၉-၂၀၂၃) နှင့် ပတ်သက်၍ မဏ္ဍိုင်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊ အက်ခ်မက်ဖွံ့ဖြိုး တိုးတက်မှုရန်ပုံငွေ ထူထောင်ရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်များနှင့် ဆွေးနွေးနေမှုအခြေအနေများ၊ အက်ခ်မက်ပင်မစီမံချက် (၂၀၂၆-၂၀၃၀) ရေးဆွဲရေးဆိုင်ရာ ကိစ္စရပ်များကို အဖွဲ့ဝင်နိုင်ငံများက အလှည့်ကျဆွေးနွေးခဲ့ကြပါသည်။ ဆက်လက်၍ အက်ခ်မက် ထိပ်သီးအစည်းအဝေး (ACMECS Summit) ကို ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံ၌ ကျင်းပနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ဆွေးနွေးခဲ့ပြီး အစည်းအဝေးကို ၁၆:၄၅ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။ 

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့